ပျို

ရင်ထဲက လေးနက်ခြင်းတွေ
ပဉ္စလက်နဲ့ နင်နူတ်ယူသွားတယ်
ရင်ခုန်သံရပ်တန့် မသွားခဲ့ပေမဲ့
ဒုတိယအကြိမ်သေဆုံးခြင်းပဲ ပျို ....

နင်မရက်စက်ခဲ့ပါဘူး
နှလုံးသားတစ်ခု ဇောက်ထိုးဖြစ်ခဲ့တာကလွဲလို့ 
ဒါပေမယ့် ..... ငါမညာပါဘူး ....
လွမ်းတယ် ... ငါနင့်ကိုလွမ်းနေဆဲပဲ ပျို ...

ဓားသွားမှာပျားရည်ဆမ်းပြီး
အတ္တတစ်ခြမ်းကိုမှ ပန်းသီးလိုခွဲစားချင်ခဲ့တာ
နင့်ရဲ့ ပြင်းပြတဲ့ မက်မောခြင်းပဲလေ .....


နှလုံးသားတစ်ခုကွဲခဲ့လို့ 
နှလုံးသားတစ်ခုကိုပြန်ခွဲတာ
မှန်တယ် ..... တရားတယ် ....

နင့်ပျော်ရွင်ခြင်းအတွက် ကံကြမ္မာကသတ်မှတ်ပေးခဲ့တဲ့
တစ်ခုတည်းသောအရာဟာ ... ငါဆိုရင် ...
နင့်ရဲ့ ရူးသွပ်မှုအတွက် ငါ ......
အကြိမ်ကြိမ်ပြန်ရှင်သန်ပေးမယ်
နင်အကြိမ်ကြိမ်ပြုံးလိုက်ဦး ပျို .....

နင့်ကိုချစ်ပေမယ့်
နင့်နှလုံးသားကို ငါမုန်းတယ် .....

နောက်ဆုံး ... နောက်ဆုံး ...
နင်မလိုအပ်တော့တဲ့နေ့ 
နင်ပျင်းရိသွားမယ့် နှလုံးသားကို ... ပျို ...
မြေကြီးပေါ်ပစ်ချခဲ့ပါ .....

နောက်ဆုံးအကြိမ်သေဆုံးခြင်းနဲ့ 
မမြင်ရတဲ့ ဘယ်ဘက်ရင်အုံထဲမှာ
နင်ရှိနေဦးမယ် ... ပျို .....


မိုးနေ

တေလေမှတ်တမ်း ...

ငါခတ်နေတဲ့ အတောင်ပံတွေကို
မင်းရဲ့ မုန်တိုင်းနဲ့ မကျီစားပါနဲ့  ...
နှင်းတစ်စက်မကြွေသေးခင်
မအိပ်စက်ရသေးတဲ့မြေကြီးပေါ်
အကျဉ်းကျနေတဲ့အိပ်မက်တွေ
ခြေချခွင့်ရချင်သေးလို့ ပါ ...

ငါဟာ အစွမ်းကုန်မိုက်နေတဲ့ ကန္တာရတစ်ခု
ရီတစ်လှည့် ငိုတစ်လှည့်နဲ့ 
နံပါတ်စဉ်တပ်မထားတဲ့ အဘိဓ္ဓာန်မှာမှ
ဂမ္ဆီာရဆန်ဆန် ကျူးရင့်ချင်ခဲ့ ....

တောခွေးတစ်အုပ်ကိုတွေ့ လို့ 
ဝံပုလွေအရေခြုံခဲ့တဲ့သူအဖြစ်နဲ့ တော့
တောအုပ်တစ်အုပ်ရဲ့  သမိုင်းမှာအမည်မတွင်ခဲ့ချင်ဘူး ...

သိက္ခာတရားတွေနံစော်နေတဲ့ သဘာဝတော့
မြှောက်ပြန်လေတွေနဲ့ အဖော်ညိုပြီး
သူ့ ကိုယ်သူနိုးထခဲ့တာ ကြာပြီတဲ့ ...

ဒီလိုနဲ့ ပဲ .... တေလေတစ်ကောင်
မိုးလင်းတိုင်း သူ့ ကိုယ်သူ ပြန်ပြန်ကြည့်လို့ ပေါ့ .....

မိုးနေ

ကဗျာတစ်ပုဒ် (သို့  ) ခရီးထွက်ခြင်း ...

နှလုံးသားဆိုတာ… ငါ့အတွက်
ရှင်သန်ခြင်း သက်သက်မဟုတ်ဘူး …..
သေဆုံးခြင်းတစ်ခုလည်း ဖြစ်တည်တယ်….
ဒါပေမဲ့…..သူရှိနေလျက်ပေါ့…

ငါဟာ … ကဗျာဆရာမဟုတ်ဘူး …
ကဗျာကိုရေးရင်း...ငါ့ကိုယ်ငါပြန်ရေးမိတယ် …
ကြာတော့….
ကဗျာဆရာကိုတောင် အားနာလာတယ်…. .

နတ်ပျိုမအတွက်…ပန်းတစ်ပွင့်….ငါ…
နတ်ဆိုးတွေနဲ့ စစ်ခြင်းထိုးရဦးမယ်….
လက်နက်မချပါဘူး…ရှိမှမရှိတာ….
ဒါပေမဲ့ … တရားပါတယ်…..

ငါ့ကိုယ်ငါ ခရီးပြန်ထွက်ရင်း
ခုံဖိနပ်တစ်ရံတောင် ညီးညူနေပြီ …
သူ့ အတွက်..မိုးတစ်လက် ရွာချပေးမယ်….
မိုးကြိုးတော့ ပြန်မပစ်နဲ့ပေါ့…..

သစ်ပင်တစ်ပင်ရဲ့ သီချင်းကိုခံစားဖို့ 
လေမုန်တိုင်းကို ဖိတ်ခေါ်ခဲ့တယ် ...
ဒါပေမဲ့ ... ငါမေ့သွားတယ် ...
သူတို့ မှာနားမှမရှိပဲ ...

တကယ်လို့ ……….
ကဗျာဆရာကသာ … နတ်တစ်ပါးဆိုရင် …
ကောင်းကင်မှာ လတည်ပြီး
မြေမှာကြယ်ပွင့်လိမ့်မယ်….
သူတို့ ကိုယ်သူတို့  …. ပြန်ရေးမယ့်အချိန်ပေါ့ … ... ...

မိုးနေ

ဖြစ်ခြင်းရဲ့ နောက် ....

လောကကြီးမှာ လူတွေကိုဧည့်ခံဖို့ဆိုတာ
စားပွဲထိုးပညာ တက်စရာမလိုပါဘူး.........
ဒါပေမဲ့ ... ယုံကြည်ချက် တစ်ခုတော့ရှိရမယ် ...
သူတို့ရဲ့ လိုအပ်မှုကို ... အတ္တတစ်ခုစီနဲ့
ဖြည့်ဆည်းပေးမယ်...

ငါမသိတဲ့ ငါ့နောက်လိုက်ရင်း ...
တဖြေးဖြေးနဲ့ ...
ငါ...အသက်ရှူသံတောင် ပါးလျနေပြီ ...
တစ်ကြိမ်ထက်မက ရူးသွပ်မှုတွေနဲ့ပေါ့...

မှားယွင်းမှုတွေကိုငါ...
အတောင်ပံတပ်ပေးမယ်...
သူတို့ ရဲ့အဆုံးသတ်ကို ... သူတို့ ကိုယ်တိုင် ရှာတွေ့နိုင်ဖို့ ...
မင်း... တို့ ... သွား ... တော့ ...

သတ်မှတ်ခြင်း တစ်ခုရဲ့နောက်ကွယ်မှာ ...
အဆိပ်ဆိုတာတည်ရှိနေရင် ...
ငါ့နာမည်ကို ...ငါကိုယ်တိုင်...
မြေကြီးပေါ် ခပ်ကြမ်းကြမ်းရိုက်ချပစ်လိုက်မယ် ...
မင်းတို့ပြုံးလိုက်ဦး ...
လိုအပ်ရင် .....
ဗေဒင်ဆရာကိုပါ ရှာထားလိုက်ပေါ့...
...

မိုးနေ

နက္ခတ် အလွမ်း ...

ငါ့ရဲ့ နှိုးတစ်ဝက် မနှိုးတစ်ဝက် အတွေးထဲက
ဆောင်းရာသီ ကောင်မလေး
အိပ်မက်တွေကပိုကရိုနဲ့လှလို့  .....

အရိုင်းဆန်တဲ့ပြဇာတ်တစ်ပုဒ်လို
ခေတ်ပျက်တစ်ခုကိုရိုက်ခွဲထည့်
နွေရာသီရဲ့ အိပ်တန်းတက်တဲ့အချိန်
ငါဆိုတဲ့ကောင်က ..... လွမ်းတယ် ....

ကောင်းကင်တစ်ခုတော့ သူ့ရင်ဘတ်ကိုသူခွဲ
မမြင်ဘူးခဲ့တဲ့ နက္ခတ်တစ်ချို့ကို
သဲသဲမဲမဲရှာကြည့်နေရဲ့ ...
မနက်ဖြန်တွေလည်း ကန့်လန့်ဖြတ်
ကမောက်ကမအပြုံးတွေ ဝေဆာလို့ ပေါ့ ......

အဲဒီလို ကမောက်ကမတွေ လင်းလင်းနေတဲ့ည
ငါ့ရဲ့ကောင်မလေးရေ ......
နင်ပိုင်ဆိုင်တဲ့
ဒိုင်ယာရီတစ်ဝက်စာလောက်ပဲ သိမ်းပိုက်ပေးပါ ......

မိုးနေ

ကျွန်တော် မသိသော သူမ…..

တစ်ခါတလေ
ခပ်ပြင်းပြင်းတေးသွားမျိုး တီးခတ်တက်သလို …..
တစ်ခါတလေ
နာကြင်ခြင်းတွေနဲ့  ရူးသွပ်နေတက်တဲ့….. သူမ…..

ညမဟုတ်တဲ့ ညမျိုးမှာ
တေးသွားလေးတွေညှဉ်းရင်း
သူမကိုယ်တိုင် ပျော်ဝင်နေတက်လေရဲ့ …..

တိမ်တွေနေတဲ့အရပ်မှာ
အိပ်မက်ရိုင်းတွေနဲ့  ကခုန်နေရင်း
မိုးကောင်းကင်တောင် အရေခွံလဲခဲ့ပြီ…..

သူမရဲ့ တေးသွားမှာ အရောင်မပါဘူး
ဘောင်ခတ်မထားဘူး …..
ဒါပေမဲ့ …..
ဖိနပ်မပါတဲ့ တေးသွားတစ်ချက်တော့
လေပြေကြားမှာ ခရီးထွက်နေတယ် …..

နတ်ဆိုးတွေရဲ့ ကြိမ်စာကြားမှာ
(အိုင်းဆစ်)တစ်ပါးလို နူးညံ့နေပေမဲ့
ကဝေပျို တစ်ယောက်လိုလည်း
ခြောက်လန့် တက်လေရဲ့ …..

နိဒါန်းမရှိတဲ့ အိပ်မက်တွေထဲမှာ
အိပ်မက်ရိုင်းတွေနဲ့  ကခုန်ရင်း …..
သူမ…အတွက်…မိုးကောင်းကင်တောင် အရေခွံလဲခဲ့ပြန်ပြီ…..
.. ။ ………

မိုးနေ


ဒီကဗျာက ကျွန်တော်မသိတဲ့ ကျွန်တော်နဲ့ သိပ်မရင်းနှီးတဲ့ သူငယ်ချင်းလေးတစ်ယောက်ကို ရည်ရွယ်ပြီးရေးထားတာပါ ......

ကဗျာဆိုတာ စကားလုံးတွေနဲ့  ညို့ယူတက်တဲ့ လျှို့ဝှက်တဲ့ပဟေဋ္ဌိ တစ်ခုပဲ ... ကဗျာဆရာတော့မဟုတ်ပါဘူး ... စကားလုံးတွေကို အရိုးသားဆုံး ထုဆစ်ခဲ့ချင်တဲ့ လူတစ်ယောက်ပါ ...

မိုးနေ